ကျွန်မကိုယ်ပေါ်တွင်သေဆုံးသွားသော လိပ်ပြာငယ်


အလင်းအမှူန်ဆိုတာ
မျက်ကပ်မှန်တပ်စရာမလိုအောင်
ကြည်လင် ပြတ်သားတယ်
စိတ်ကို ခဏလွင့်ပစ်ကြည့်တယ်
နင်ရှိနေတဲ့ အရပ်ဆီသို့ ပေါ့။

မရောင့်ရဲနိုင်တာမဟုတ်ဘူး
မလွမ်းပဲကိုမနေနိုင်တာ
ပေးစာနဲ့ ယူစာ
စကားတွေများတဲ့နေ့ က
နင့်ကို ငါ့ခန္ဓာကိုယ်ထဲ ခဏထုတ်ပစ်ခဲ့ရင်း
ခြေရာတွေကို တုပ်နှောင်ပစ်ခဲ့မိတယ်။

လွှင့်လိုက်ပေါ့ လိပ်ပြာငယ်
သေဆုံးသွားတဲ့ ငါ့ရဲ့ ဈပနပေါ်မှာ
ခဏဖြစ်ဖြစ်ဝဲလိုက်ပေါ့
စပယ်ပန်းတွေနဲ့ အတူ နှင်းဆီပန်းတွေပါ
အဖော်ထားခဲ့ပေးတယ်...။


ကျွန်မ သေဆုံးခြင်းနှင့်အတူ
ချစ်ခြင်း တရားတွေကို
အလှမိုးထားခဲ့တယ်
ကျွန်မ ရှင်သန်ခြင်းနှင့်အတူ
အလွမ်းတွေ ဖြန့် ကျက်ထားခဲ့တယ်.။

ဒဏ်ရာ ကျက်ခြင်းမကျက်ခြင်းပေါ်မှာ
စောဒက မတက်ပါနဲ့ တော့
နုတ်ယူသွားခဲ့တဲ့ ငါ့ရဲ့ လိပ်ပြာလေးရယ်
မမြင်ချင်ယောင်ဆောင်ထားခဲ့ရတဲ့
ငါ့ရဲ့ နှလုံးသားတစ်စုံရယ်
နင့်မေ့နိုင်တဲ့ တစ်နေ့  သဂြိုလ်ပေးဖို့ မမေ့ပါနဲ့ ။

သူ ပျံသန်းနိုင်ပါစေ
သူချစ်သောသူရဲ့ နှလုံးသားတစ်စုံနဲ့ အတူ
သူချစ်သောသူရဲ့ အလွမ်းအပိုင်းအစတွေနဲ့ အတူ
မနက်ဖြန် လင်းရောင်များသန်းခဲ့ရင်ဖြင့်
သူ သေဆုံးသွားခြင်းကို သိနိုင်ပါစေ။။

ကဗျာရိပ်
6\8\2014
Share:

0 မှတ်ချက်များ:

Post a Comment